နိုင်ငံတစ်ကာစစ်ရေးရာ-ပြည်တွင်းပြည်ပ မှု့ ခင်းသတင်းများ ရှာဖွေဖတ်ရှု့ ဝေမျှတင်ဆက်ရာဖြစ်ပြီးမည်သည့် အဖွဲ့ စည်းများနှင့်ရောနှောပါတ်သက်ခြင်းမရှိပါ…မည်သူမဆိုလွှတ်လပ်စွာ ကူးယူနိုင်ပါသည်.....
နိုင်ငံတစ်ကာစစ်ရေးရာ-ပြည်တွင်း-ပြည်ပ အသီးသီးမှ-လူသတ်မှု့ -ဓါးပြမှု့ -လုယက်မှု့ -လူသေမှု့ -ခိုးမှု့ -မုဒိန်းမှု့ -မှုးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲမှု့  အဓိကရှာဖွေရေးသားနေပြီး။ ပြည်ထောင်စုအလင်းရောင်ဆိုဒ်သည် မည်သည့် အဖွဲ့ စည်းနှင့်မျှပါဝင်ရောနှောနေခြင်းမရှိပါ။

Thursday, September 5, 2013

ကျွန်တော် တွေးမြင်သမျှ ဆီးရီးယား အကြောင်း

 



 ခင်မင်တဲ့ သူငယ်ချင်းအချို့ တိုက်တွန်းတဲ့အတွက် ဒီပို့စ်ကို ရေးသားရခြင်းဖြစ်ကြောင်း ဦးစွာဝန်ခံလိုပါသည်။ နိုင်ငံတကာသတင်းများကို အင်တာနက်ရှိ မြန်မာစာမျက်နှာ အများစု၌ ဖတ်ရှုနိုင်သည်ဖြစ်ရာ အများအားဖြင့် ရေးသားလေ့မရှိပါ။ သို့သော် သူငယ်ချင်းများမေးသည့် မေးခွန်းအချို့က ပို့စ်ရေးရန် လုံလောက်သည့် အကြောင်းပြချက် ဖြစ်သည်ဟု ခံယူသဖြင့် ဤစာကို ရေးပါသည်။ သူငယ်ချင်းများ ကျေနပ်ကြပါကုန်။

ပြီးခဲ့တဲ့လအတွင်း ဆီးရီးယားအစိုးရက အရပ်သားတွေကို ဓာတုလက်နက်တွေ အသုံးပြုပြီး တိုက်ခိုက်ခဲ့တယ်လို့ အနောက်နိုင်ငံတွေက စွပ်စွဲကြတယ်။ နိုင်ငံတကာ မီဒီယာတွေမှာလည်း အဲဒါနဲ့ ပတ်သက်တဲ့ ပြကွက်တွေကို ထပ်ခါထပ်ခါ ထုတ်လွှင့်ပြသတယ်။ ကိုယ်လိုရာကို ဆွဲနိုင်ဖို့အတွက် ပြလို့ကောင်းမယ့် အခင်းအကျင်းတွေကို ရွေးချယ်ပြသတတ်တာ အနောက်မီဒီယာတွေရဲ့ ကျွမ်းကျင်မှုပါပဲ။ ကလေးတွေ ငိုယိုပြီး ပြေးလွှားနေတာ၊ ကလေးသူငယ်တွေ အတုံးအရုံး ဆန့်ငင်ဆန့်ငင် ဖြစ်နေကြတာ၊ ဒဏ်ရာရတဲ့ လူတွေထဲကမှ သွေးတရွှဲရွှဲနဲ့လူတွေကို ဟိုချီဒီထမ်းလုပ်ပြီး ပြေးလွှားကြတာ စသည်ဖြင့်ပေါ့။

အမေရိကန်အစိုးရက အာဆတ်အစိုးရကို စစ်ရေးအရ အပြစ်ပေးမှ ရတော့မယ်လို့ သုံးသပ်တယ်။ ဓာတုလက်နက်တွေ သုံးတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ပေါ့။ အီရတ်အဖြစ်အပျက်ကို တကျော့ပြန် တွေးမိသွားစေတယ်။ အဲဒီတုန်းကလည်း သတင်းအတိအကျ ပြောတာပါပဲ။ ဖျက်အားပြင်း အစုလိုက် အပြုံလိုက် သေစေနိုင်တဲ့ လက်နက်တွေ အီရတ်နိုင်ငံ ဘယ်နေရာမှာ ရှိတယ်ဆိုပြီးတော့ပေါ့။

ဗြိတိန်ဝန်ကြီးချုပ်က အမေရိကန်နဲ့အတူ စစ်တိုက်ချင်တယ်။ ဒါပေမယ့် လွှတ်တော်မှာ မဲခွဲတော့ ၀န်ကြီးချုပ် ရှုံးသွားတယ်။ အဲဒီအတွက် ဆီးရီးယားကိုတိုက်ရင် ဗြိတိန် မပါနိုင်တော့ဘူး။ ၀န်ကြီးချုပ် ကင်မရွန်း အတော်ကြီးကို အထိနာသွားတယ်။ လူငယ်ပြော ပြောရရင် အောက်သွားတယ်ပေါ့ဗျာ။ ဗြိတိန်ကာကွယ်ရေး ၀န်ကြီးကလည်း စစ်တိုက်မယ့်ကိစ္စကို လွှတ်တော်ကို တင်ရမလားဆိုပြီး ကင်မရွန်းကို အတော်ဖုသွားတယ်။

ဗြိတိန်က အဲဒီလိုဖြစ်သွားတော့ အိုဘားမား တစ်ချက်တွေသွားတယ်။ အမေရိကန်နိုင်ငံရဲ့ အခြေခံဥပဒေအရ ကွန်ဂရက်က သဘောတူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေ သမ္မတမှာ စစ်တိုက်ခွင့် ရှိတယ်။ ဒါပေမယ့် အိုဘားမားက နိုင်ငံရေးပါးဝတယ်။ နိုင်ငံတကာကလည်း မထောက်ခံ၊ သူ့နိုင်ငံကလည်း မထောက်ခံတာမျိုး အဖြစ်မခံဘူး။ နိုင်ငံတကာပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ သူကတော့ တိုက်မှာပဲ၊ တိုက်မှာပဲ ဆိုပြီးတော့ ဆုံးဖြတ်ထားပြီးသား။ ခက်တာက ဆီးရီးယားဘက်ကနေ ရုရှားက အပြည့်အ၀ ရှိနေတာပဲ။ အဲဒီပြဿနာက အရေးအကြီးဆုံး။ အခြေအနေက ထိလွယ်ရှလွယ်။ အဲဒီတော့ ကွန်ဂရက်ရဲ့ ထောက်ခံချက်နဲ့ တိုက်ပါတယ်ဆိုတဲ့ အခြေအနေမျိုးရောက်အောင် အိုဘားမား ပြင်ဆင်တယ်။

ရုရှားသမ္မတ ပူတင်ကတော့ ပြတ်သားတယ်။ ဆီးရီးယားကို စစ်ရေးအရ ဖြေရှင်းမှာကို သူမလိုလားဘူး။ အထူးသဖြင့် ဓာတုလက်နက်တွေ အသုံးပြုတယ်ဆိုတဲ့ စွပ်စွဲချက်တွေကို သူက လုံးဝလက်မခံဘူး။ ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေး အဖွဲ့တွေရဲ့ တွေ့ရှိချက်တောင် ထွက်မလာသေးဘဲ အမေရိကန်တွေက အတိအကျ ပြောနေကြတာကို ပူတင်က ဟာသလုပ်တယ်။ ပူတင်ကတော့ ပြတ်ပြတ်သားသားပဲ အမေရိကန်က စစ်ရေးအရ တိုက်မှာကို လုံးဝသဘောမတူဘူး။ ဒါပဲ။

အမေရိကန်နဲ့အတူ စစ်တိုက်ချင်တဲ့ ပြင်သစ်ကြီးလည်း လွှတ်တော်မှာ မဲခွဲဆုံးဖြတ်ရဦးမယ်။ ဘယ်လိုရလဒ် ထွက်လာမယ်ဆိုတာ စိတ်ဝင်စားစရာကောင်းတယ်။ ကျွန်တော့်အထင်တော့ ပြင်သစ်လွှတ်တော်ကလည်း သဘောတူလိမ့်မယ် မထင်ဘူး။ နောက်ဆုံးသိရသမျှကတော့ ပြင်သစ်လွှတ်တော်ဟာ အမေရိကန် ကွန်ဂရက်ရဲ့ ဆီးရီးယားအရေး ဆုံးဖြတ်ချက် အပြီးအပြတ် မထွက်မလာမချင်း သူတို့ရဲ့ မဲခွဲဆုံးဖြတ်မှုကို ဆိုင်းငံ့ထားတယ် ဆိုတာပါပဲ။

ဂျာမနီက အဓိပတိကြီးကလည်း ဆီးရီးယားကိစ္စမှာ ၀င်မပါဘူးလို့ ဒဲ့ပြောတယ်။ လာမယ့်ရွေးကောက်ပွဲမှာ သူနဲ့ ယှဉ်ပြိုင်ရမယ့် အဓိကပြိုင်ဘက်ကလည်း တစ်ထပ်တည်းပဲ။ အဲဒီတော့ ဂျာမနီကလည်း အမေရိကန် လုပ်ချင်ရင် ကြိုက်တာလုပ် သူတို့တော့မပါဘူးပေါ့။

အမြဲတမ်းပုလင်းတူဗူးစို့ ဖြစ်ခဲ့တဲ့လူတွေတောင် အဲဒီလို ဖြစ်နေကြတာ အခြားနိုင်ငံတွေကတော့ ပြောမနေနဲ့တော့။

ကျွန်တော်ဖတ်မိတဲ့ သတင်းတွေထဲက သြစတြေးလျ အတိုက်အခံခေါင်းဆောင် Tony Abbott ပြောတာလေးကို သိပ်သဘောကျတယ်။ သူပြောတာလေးကို ဖတ်ကြည့်ပါဦး။

The Syria conflict is not goodies versus baddies, it is baddies versus baddies.


ကဲ... ဖတ်မိသမျှ ဆီးရီးယားသတင်းတွေကို ပြောပြီးပြီဆိုတော့ ကျွန်တော့်ကို မေးထားတဲ့ အကြောင်းအရာတွေကို ပြောပါရစေ။

ပထမဆုံးမေးခွန်းဖြစ်တဲ့ အမေရိကန်က ဘာဖြစ်လို့ ဆီးရီးယားကို စစ်တိုက်ချင်ရတာလဲ။
ကျွန်တော့်အမြင်ဖြစ်ကြောင်း ဦးစွာတင်ပြလိုပါသည်။ ဟုတ်ကဲ့... အိုဘားမား အစိုးရရဲ့ နိုင်ငံရေးလှည့်ကွက် တစ်ခုအဖြစ် အသုံးချချင်တဲ့အတွက် ဆီးရီးယားဟာ မြေစာပင်ဖြစ်တော့မယ်လို့ ကျွန်တော်ကိုဉာဏ် သုံးသပ်ပါတယ်။ ဘာကြောင့်လဲဆိုတာကို ကျွန်တော်တို့နိုင်ငံမှာ ဖြစ်ခဲ့ဖူးတဲ့၊ အခြားနိုင်ငံတွေမှာလည်း ဖြစ်ခဲ့ဖူးတဲ့ ဖြစ်စဉ်ဖြစ်ရပ်တွေကို နှိုင်းယှဉ်ချိန်ထိုးပြီး စဉ်းစားမိတာမို့ပါ။ အခုအချိန်မှာ အားလုံးဟာ ဆီးရီးယားအရေးနဲ့ နပန်းလုံးနေကြပါတယ်။ အမေရိကန်အစိုးရ အထူးသဖြင့် အိုဘားမား လိုချင်တာလည်း ဒီအချက်ပါပဲ။ ဆီးရီးယားအပေါ်ကို အားလုံးက အာရုံရောက်နေမှသာ အမေရိကန်အပေါ် ကျရောက်နေတဲ့ ဖိအားတွေ သက်သာမှာဖြစ်ပါတယ်။ တစ်နည်းပြောရရင် ဒါဟာ နိုင်ငံရေးလမ်းလွှဲနည်း တစ်ခုပါပဲ။ သာမန်အချိန်မှာသာဆိုရင် ကုလသမဂ္ဂကိုတောင် အမေရိကန်အစိုးရက အလစ်မပေးဘဲ အချက်အလက်တွေ ခိုးယူခဲ့တယ်၊ သူလျှိုလုပ်ခဲ့တယ်ဆိုတဲ့ ကိစ္စရပ်ဟာ တကယ့်ကို ဟိုးလေးတကြော် အရှက်ကွဲမယ့် အဖြစ်ရယ်ပါ။ ထို့အတူပဲ ဥရောပသမဂ္ဂ၊ ဥရောပနိုင်ငံတွေ၊ အမေရိကန်နဲ့ လည်ပင်းဖက်ပြီး ပေါင်းနေကြတဲ့ မဟာမိတ်နိုင်ငံတွေ၊ တောင်အမေရိကတိုက်က စီးပွားဖက်နိုင်ငံတွေ စတဲ့စတဲ့ နိုင်ငံအကုန်လုံးကို အမေရိကန် ထောက်လှမ်းရေးအေဂျင်စီတွေက အချက်အလက်တွေ ခိုးယူစုဆောင်းခဲ့တယ်၊ သူလျှိုလုပ်ခဲ့တယ်ဆိုတာ ဘယ်လောက်များ ကြီးမားလိုက်တဲ့ ဖိအားလည်းဆိုတာ စဉ်းစားသာကြည့်ပါတော့။ ပိုဆိုးတာက NSA ရဲ့ လုပ်ရပ်တွေကို သမ္မတအိုဘားမားကိုယ်တိုင် သိရှိနေခဲ့တာပဲ ဖြစ်ပါတယ်။ သိလျက်နဲ့ မတားခဲ့တာဆိုတော့ ရှင်းရှင်းပြောရရင် သူကိုယ်တိုင် အဲဒီလို လုပ်တာကို လိုလားတယ်၊ အားပေးတယ်၊ သဘောတူတယ်ပေါ့ဗျာ။ ဒီအတွက် အမေရိကန်ကို အားကိုးကြတဲ့၊ အမေရိကန်နဲ့ ပူးပေါင်းကြတဲ့ နိုင်ငံတွေအနေနဲ့ ဘယ်လောက်များ အခံရခက်မလဲ၊ ဘယ်လောက်များ ဒေါသထွက်မလဲ ရှင်းပြစရာ လိုမယ်မထင်ပါဘူး။ အဲဒီလို ဖိအားတွေ ရှိနေချိန်မှာ အချိန်ကိုက်ဆိုသလိုပဲ ဆီးရီးယားမှာ ဓာတုလက်နက်တွေ သုံးတယ်ဆိုပြီး အစိုးရဘက်နဲ့ အတိုက်အခံဘက်က အပြန်အလှန် စွပ်စွဲပြစ်တင်တာတွေ လုပ်လာကြတယ်။ သတင်းစထွက်တာက အတိုက်အခံတွေ ဓာတုလက်နက် သုံးတယ်ဆိုတဲ့ အထောက်အထား တွေ့ရတယ်ဆိုတာပါ။ နောက်ပိုင်းမှာ အမေရိကန်ဝင်ပါလာပြီး အာဆတ်အစိုးရဘက်က ဓာတုလက်နက်နဲ့ နှိမ်နင်းတယ်တွေ ဖြစ်လာတယ်။ ဒီလောက်ဆိုရင် အိုဘားမားအစိုးရရဲ့ ဆီးရီးယားကို တိုက်ချင်တဲ့ရည်ရွယ်ချက်နဲ့ ပတ်သက်တဲ့ ကျွန်တော့်အမြင်ကို ဆ၀ါးနိုင်မယ်လို့ ထင်ပါတယ်။

အမေရိကန်အထက်လွှတ်တော်က ဆီးရီးယားကိုတိုက်ဖို့ သဘောတူလိုက်ပြီဆိုတာ ဟုတ်သလားဆိုတဲ့ ဒုတိယမေးခွန်းနဲ့ ပတ်သက်ပြီး ပြောချင်ပါတယ်။
နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီဟာ ဆီးရီးယားကို စစ်တိုက်မယ့် ကိစ္စနဲ့ ပတ်သက်ပြီး လွှတ်တော်ရဲ့ ကြားနာမှုကို ဖြေရှင်းခဲ့ရပါတယ်။ လွှတ်တော်ကလည်း ပြင်းပြင်းထန်ထန်ပဲ စစ်ဆေးမေးမြန်းတာတွေ၊ ကန့်ကွက်တာတွေ လုပ်ပါတယ်။ ဒါပေမယ့် အိုဘားမားရဲ့ မဖြစ်မနေ စစ်တိုက်ချင်စိတ်ဟာ သူတို့သဘောမတူလည်း တိုက်တော့မယ်ဆိုတာ သိနေပုံပါပဲ။ အဲဒီတော့ အဓိကပါတီကြီး နှစ်ခုလုံးက ကိုယ်စားလှယ်တွေက ဆီးရီးယားကို စစ်တိုက်လို့ရမယ့် ဥပဒေကြမ်းတစ်ခုကို ရေးဆွဲကြပါတယ်။ ဥပဒေကြမ်းရ အမေရိကန်အနေနဲ့ ဆီးရီးယားကို စစ်တိုက်မယ်ဆိုရင် မြေပြင်တပ်တွေနဲ့ တိုက်ခွင့်မရှိပါဘူး။ သဘောကတော့ ဆီးရီးယားနိုင်ငံပိုင်နက်ထဲကို အမေရိကန်တပ်ဖွဲ့တွေ ၀င်ရောက်တပ်စွဲတာတွေ၊ ၀င်ရောက်တိုက်ခိုက်တာတွေ လုပ်လို့မရဘူးလို့ နားလည်ရပါတယ်။ ပြီးတော့ ရက် ၉၀ အတွင်း တိုက်ရမယ်လို့ ကန့်သတ်ထားတယ်လို့လည်း သတင်းတွေမှာ ဖတ်ရပါတယ်။ အဲဒီဥပဒေကြမ်းဟာ ဘယ်လို ဖြစ်လာဦးမလဲဆိုတာ စောင့်ကြည့်ရပါမယ်။

တတိယမေးခွန်းက စိတ်ဝင်စားစရာပါ။ မေးလည်းမေးသင့်ပါတယ်။ ဖြေလည်းဖြေချင်ပါတယ်။ မြန်မာနိုင်ငံကရော အဲဒီလို စစ်တိုက်ချင်ရင် တိုက်လို့မရဘူးလားတဲ့။ သမ္မတဦးသိန်းစိန်မှာ စစ်တိုက်နိုင်တဲ့ ပါဝါရှိသလားတဲ့။
ဒီနေရာမှာ ကျွန်တော်က ဖွဲ့စည်းပုံအခြေခံဥပဒေထဲက ပြဋ္ဌာန်းချက် ပုဒ်မ ၂ ခုကို ထုတ်နုတ်ပြီး တင်ပြချင်ပါတယ်။ စာဖတ်သူများပဲ စဉ်းစားသုံးသပ်ကြပါကုန်။
ပုဒ်မ ၄၂ (က) နိုင်ငံတော်သည် မည်သည့်နိုင်ငံကိုမျှ စတင်ကျူးကျော် တိုက်ခိုက်ခြင်းမပြု။
ပုဒ်မ ၂၁၃ (ဂ) နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီချက်ဖြင့်သာ စစ်ကြေညာနိုင်သည်၊ စစ်ပြေငြိမ်းနိုင်သည်။

အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
Credit : New Century

No comments:

Post a Comment

နောက်ဆုံးရသတင်းအပုတ်၂၀ဖတ်ရန်အရုပ်ပုံသို့ ခေါင်းစဉ်သို့ Read more နှစ်သက်ရာကလစ်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

တင်ထားသမျှပို့ စ်များကလစ်၍ဖတ်နိုင်ပါတယ်

မိတ်ပြောခြင်တာများပွင့် လင်းစွာရေးသားခဲ့ ပါမဆဲပါနှင့် 